Monday, April 8, 2013

နှစ်မျက်နှာ သင်္ကြန်

သင်္ကြန်ဆိုတာ...။
နှစ်ဟောင်းကနေ နှစ်သစ်ပြောင်း
မကောင်းမှုတွေ ဆေးကြောတဲ့ အချိန်အခါ...။

တရားပွဲတွေ ငါးလွှတ်ပွဲတွေနဲ့
ကုသိုလ်တွေ အလီလီ ယူတဲ့ အချိန်အခါ...။
စတုဒီသာကျွေးမွေး
အလှူပေးတဲ့ အချိန်အခါ...။
ပိတောက်တွေ ရွှေရည်လူး
ငုဝါတွေ မြူးတဲ့ အချိန်အခါ...။
တူးပို့သံမြိုင်
မောင်မယ်တို့ အလှပြိုင်ကြတဲ့ အချိန်အခါ...။
ဒိုးသံ လှိုင်လှိုင်
သံချပ်တွေ သံပြိုင်ဆိုကြတဲ့ အချိန်အခါ...။

သင်္ကြန်ဆိုတာ...။
နှစ်ဟောင်းကနေ နှစ်သစ်ပြောင်း
မကောင်းမှုတွေ ဆေးကြောတဲ့ အချိန်အခါ...။

အရက်သေစာ သောက်စား
စည်းလွတ်ဝါးလွတ် ပျော်ပါးတဲ့ အချိန်အခါ...။
ထိန်းချူပ်မှုတွေ အောက်က
တစ်နှစ် တစ်ခါ လွတ်မြောက်ကြတဲ့ အချိန်အခါ...။
မီးသတ်ပိုက် ၊ ရေပိုက်တွေနဲ့ မျက်နှာကို ထိုး
ရေမွန်းအောင် ပက်ကြတဲ့ အချိန်အခါ...။
မိန်းကလေးတွေ အတွင်းခံမပါ
တင်းတင်းရင်းရင်း အလှပြ၊ ထကြ ကဲကြတဲ့ အချိန်အခါ...။
ယာဉ်တိုက်မှုနဲ့ ရန်ပွဲတွေဆက်
သွေးထွက်သံယိုတွေ  သိပ်များတဲ့အချိန်အခါ...။

ဒါလိုပါပဲ..
သင်္ကြန်ဆိုတာ...
နှစ်ဟောင်းကနေ နှစ်သစ်ပြောင်း
မကောင်းမှုတွေ ဆေးကြောတဲ့ အချိန်အခါ...။

No comments:

Post a Comment